ရည်ရွယ်ပါသည်

April 27th, 2010 by တောင်ပေါ်သား Tags:
| Category in စိတ်ခံစားချက်လေးများ | 8 Comments »

ငယ်စဉ်က ပုံပြင်လေး တခု ဖတ်ခဲ့ဖူးတယ်။ အားလုံးလဲ သိပြီးသား ဖြစ်နေမှာပါ အကြမ်းဖျဉ်း ပြန်ပြောပြရရင် ထင်းခုတ်သမားတယောက် ထင်းခုတ်သွားရာမှ ပုဆိန်က ရေထဲ ကျသွားလို့ ငိုကြွေးရာမှာ မြစ်စောင့်နတ်ကပေါ်လာပြီး ထင်းခုတ်သမားကို ရွှေပုဆိန်၊ ငွေပုဆိန်၊ သံပုဆိန် သုံးခု ပြပြီး အသင့်ရဲ့ပုဆိန်က ဘယ်ပုဆိန်လဲဟု မေးရာ ရိုးသားသော ထင်းခုတ်သမားသည် မိမိ၏ သံပုဆိန်ကိုသာ ရွေးယူရာ မြစ်စောင့်နတ်က ရိုးသားသည့် ထင်းခုတ်သမားကို တန်ဖိုးကြီးမားတဲ့ ပုဆိန်အားလုံးကို ပေးလိုက်သည့် ပုံပြင်လေးတခု….  ဒါက ကျနော်တို့ ငယ်တုန်းက သင်ခဲ့ဖူးသည့် ကြားခဲ့ဖူးသည့် ပုံပြင်လေးတပုဒ်… ရည်ရွယ်ချက်က ရိုးသားမှု ရှိမှသာ အရာအားလုံးကို အောင်မြင်နိုင်သည်…. တကယ်ကော ရိုးသားမှုရှိရင် အောင်မြင်နိုင်ပါသလား……..

ယနေ့ ခေတ်အခြေအနေအရ လူသားတိုင်းသည် ရိုးသားမှုဆိုတာ ရှိနိုင်ကြမည်မဟုတ်… တချိန်မဟုတ် တချိန် အကြောင်းတစုံတခုကြောင့် လိမ်လည် ပြောဆိုဖူးမည်သာ… ဘယ်လိုပဲ လိမ်ညာပြောဆိုနေပါစေ ရိုးသားမှုကို တွယ်ဖက်သော လူသည်သာ တချိန်တွင် အောင်မြင်မှုရဲ့ အသီးအပွင့်ကို မုချ ခံစားကြရမည်သာ ဖြစ်သည်။ ကျနော်တို့ ဒီလို ရိုးသားစွာ နေထိုင်ဖို့ အဓိက အကျဆုံးအရာက ကျနော်တို့ရဲ့ စိတ်သာ ဖြစ်သည်။ ဒီတော့ ကျနော်တို့စိတ်ကို ထိန်းချုပ်နိုင်လျှင် ရိုးသားမှု၏ နောက်က ပါလာသော အသီးအပွင့်များကို ကျနော်တို့ မြိန်ရှက်စွာ စားသောက်နိုင်ပေမည်……….

အဘယ်ကြောင့် ကျနော်တို့ စိတ်ကို ထိန်းချုပ်နိုင်ဖို့ လိုသလဲ… ရိုးသားစွာ နေထိုင်သူများအဖို့ ပထမဆုံး ရင်ဆိုင်ရသည်က စိတ်ဓါတ်ကျခြင်းပင်…. ကျနော်တို့ လောကကြီးမှာ ရိုးသားစွာနေလျှင် အရာရာ ကျရှုံးခြင်းကို ခံရလေလေဖြစ်သည်။ ဒါသည် လူသားတိုင်း (အများစု) တယောက်နဲ့ တယောက် မတရားအနိုင်လိုမှုတွေ များပြားလာနေခြင်းကြောင့် ဖြစ်နိုင်သည်.. ရိုးသားစွာ နေထိုင်သူများအဖို့အတွက် အောင်မြင်မှုဆိုတာက အချိန်တိုအတွင်း ရနိုင်မည်မဟုတ်………

ကျနော်တို့ စိတ်ဓါတ်တွေ ကျဖူးသည်။ ဘာကြောင့် စိတ်ဓါတ်ကျသလဲ ကိုယ်ရည်မှန်းချက် မအောင်မြင်သေးလို့ စိတ်ဓါတ်ကျသည်။ ရည်မှန်းချက် (အနာဂတ်) ဆိုသည်မှာလဲ အမျိုးမျိုး ဖြစ်နိုင်သည် မိသားစုအရေးလဲ ဖြစ်နိုင်သည်။ တိုင်းပြည်အရေးလဲ ဖြစ်နိုင်သည်။ ချစ်သူသမီးရည်းစားကိစ္စကြောင့်လဲ ဖြစ်နိုင်သည်…. ဒီလို အမျိုးမျိုးတွေကြောင့် ကျနော်တို့ စိတ်ဓါတ်တွေ ကျသည်… ကျနော်တို့ ဒီလို ကျရှုံးမှုတွေအောက်က ပြန်မရုန်းတက်နိုင်လျှင် ကျနော်တို့ နေရတဲ့ ဘဝအချိန်တိုလေးအတွင်းမှာ ကျနော်တို့ ကြီးမားစွာ ကျရှုံးခြင်းသာ ဖြစ်ပေမည်…..

လူသားတိုင်းသည် သိမ်ငယ်မှု၊ ကြောက်ရွံ့စိတ် ရှိတတ်ကြသည်။ ဘယ်လောက်ပဲ ရဲစွမ်းသတ္တိရှိတဲ့ လူဖြစ်နေစေလျှင်ဥိးတော့ အကြောက်တရားကတော့ ရှိတတ်စမြဲသာ… ကျနော်တို့ မျှော်မှန်းသည့် ရည်မှန်းချက် (အနာဂတ်) မဖြစ်လာလျှင် ကျနော်တို့ ကြောက်ရွှံ့စိုးရိမ်တတ်သည် ကျနော်တို့ ဒီလို ကြောက်ရွှံ့နေလျှင်ဖြင့် ကျနော်တို့ လိုချင်သည့် ပန်းတိုင်ကို ရောက်နိုင်မည်လော…. ကျနော်တို့ သေချာစဉ်းစား ဆင်ခြင်သင့်ပေသည်… အခုခုကို မလုပ်ရသေးပဲနဲ့ ငါကတော့ မဖြစ်ပါဘူး… ငါကတော့ အဆင်မပြေပါဘူးဟူ ငြီးတွားနေလျှင်ကော ကျနော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်နိုင်မလား….. ကျနော်တို့ မစမ်းဖူးပဲနဲ့ ကျနော်တို့သိရှိနိုင်ပါ့မလား… ကျနော်တို့ ယခု လူလို လမ်းလျှောက်နိုင်ခြင်းသည် ကျနော်တို့ ငယ်စဉ်ကတည်းက စမ်းတ၀ါးဝါး အလဲလဲ နဲ့ လျှောက်ခဲ့ခြင်းကြောင့်သာ……

Read the rest of this entry »

ကျနော့်တာဝန်

March 30th, 2010 by တောင်ပေါ်သား Tags:
| Category in စိတ်ခံစားချက်လေးများ | 10 Comments »

ပိုစ့်လေးရဲ့ ခေါင်းစဉ်ကိုဖတ်ပြီး စာဖတ်သူ ကျနော်ဘာတာဝန်တွေများ ထမ်းဆောင်နေရသလဲ တွေးနေပြီထင်တယ်။ တကယ်တော့ ကျနော်၏ ဘ၀ကို ကျနော်မပိုင်ပါဘူးဗျာ။ ကျနော့်ကို လူတွေက အမျိုးမျိုး ပြုမှုဆက်ဆံကြသည်။ ကျနော် ၀မ်းဗိုက်ထဲတွင် သိမ်းထားသော အရာများကို လူတွေ ယူသုံးကြသည်။ တခါတလေ လူတွေက ကျနော် ၀မ်းဗိုက်ထဲတွင် သိမ်းထားသော အရာများကို မလိုအပ်ပဲ အလေအလွှင့်ဖြစ်အောင် ယူသုံးကြပြန်သည်။ တခါတရံ ကျနော် လွန်စွာ အိပ်မော်ကြနေခိုက် ကျနော်ကို လာနှိုးပြီး အလုပ်ထလုပ်စေပြန်သည်။ ထိုသို့သောအချိန်မျိုးတွင် ကျနော်လွန်စွာမှ စိတ်ဆိုး ဒေါသဖြစ်ရပြန်ပါသည်။ ဒါပေမဲ့ ကျနော်မှာ ပြောပိုင်ခွင့်ဟူ၍ စေ့စေ့မျှမရှိခဲ့ပါဘူးဗျာ။ ကျနော်မွေးဖွားလာကတည်းက ကျနော်သည် လူတို့၏ အသုံးတော်ခံသာ ဖြစ်ပေသည် မဟုတ်ပါလော….။

ကျနော်သည် တကယ်တမ်း လူ့လောကအသိုင်းအ၀န်းထဲ ရောက်လာခဲ့သော်လဲ လူသားတိုင်းအတွက် အကျိုးပြုခြင်းတော့မဟုတ်။ ကျနော့်ကို ပိုင်ဆိုင်သော လူတွေရဲ့ စိတ်အနေအထားအရ ကျနော်လိုက်ပြီး ဆောင်ရွက်ရသည်။ ကျနော်တွင် ညီအကို မောင်နှမများစွာလဲ ရှိသည်။ ဒါပေမဲ့ ကျနော်နဲ့ သူတို့ဘ၀တွေက မတူ ကွဲပြား ခြားနားလှပေသည်။ ဒါပေမဲ့ သေချာသည်ကတော့ ကျနော်တို့ မျိုးရိုးတလျှောက်လုံး လူသားတွေ၏ ပြုမူခြင်းကိုသာ ခံခဲ့ကြပေသည်။ အဘယ်သို့ ပြုမူကြသနည်းဆိုသည်ကို အသင်စိတ်ဝင်စားနေသလော…….

လူလောက အသိုင်းအ၀န်းတွင် စကားပုံ တခုရှိသည်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” တဲ့လေ။ ဒီတော့က ကျနော်သည်လဲ လူလောကအတွင်းရောက်ပြီဆိုကတည်းက ပတ်ဝန်းကျင်အနေအထားကို လိုက်ပြီး ပြောင်းလဲတတ်ခဲ့သည်။ ကျနော်တို့မျိုးရိုးတွင် သာသနာထွန်းကားစေဖို့လဲ တဖက်တလမ်းက ပါဝင်ခဲ့ဖူးသည်။ ကျနော်တို့ထဲတွင် သူခိုး၊ဓါးပြတို့၏ စေခိုင်းချက်များကိုလဲ လုပ်ဆောင်ခဲ့ကြရသည်။ ကျနော်တို့ထဲတွင် အရေမရ အဖတ်မရ ပေါက်တတ်ကရများလဲ လုပ်ဖူးသူများပါခဲ့သည်။ ကျနော်တို့ထဲတွင် အာဏာကို ရူးမိုက်စွာ ယစ်မှုးသူတို့၏ လှည့်ကွက်အောက်မှာလဲ လှုပ်ရှားခဲ့ရသူများ ပါဝင်ခဲ့သည်။ ကျနော်တို့ထဲတွင် သမိုင်းစဉ်ဆက် ဂုဏ်ဆောင်မှုရနေမဲ့ အဖြစ်မျိုးကို ထမ်းဆောင်ခဲ့သူတွေလဲ ပါခဲ့ဖူးပြန်သည်။

တခါတရံ ကျနော်တို့သည် လူသူအိပ်မောကျနေသည့် ညဉ့်သန်းခေါင်ချိန်များတွင် ထ၍ အလုပ်လုပ်ကြရသည်။ တခါတရံ ကျနော်တို့ အလုပ်ကို ပင်ပန်းစွာလုပ်ဆောင်ရပါက အခြေအနေမကောင်းလျှင် ကျနော်တို့၏ ဆရာက ကျနော်တို့ကို သက်ဆိုင်ရာ ဆရာဝန်ခေါ်ပြပါသည်။ တချို့သော ကျနော်၏ ဆွေမျိုးပေါက်ဖော်များသည် နေ့လည်ပိုင်းတာဝန်များကို ထမ်းဆောင်ကြရသည်။ ညဆိုလျှင်တော့ လူတွေလို အိပ်မောကျပိုင်ခွင့်ကို ပိုင်ဆိုင်နိုင်ပေသည်။ တခါတရံ ကျနော်တို့ လူလောကမှာ ရက်ရှည်နေလာသည်နှင့်အမျှ လူလောကမှ အမြန်ဆုံးထွက်ခွာချင်စိတ်များလဲ ပေါ်ပေါက်လာတတ်သည်။ သို့ပေသိ လူတို့၏ ဦးနှောက်ဥာဏ်က အတော်ကောင်းမွန်လှပေသည်။ ကျနော်တို့၏ ချို့ယွင်းချက်များကို သူတို့ မရမက ဖာထေးပြုပြင်ပြီး ကျနော်တို့ကို တဖန် ပြန်လည် အသုံးချတတ်သည်။

လူတွေသည် အချိန်တန်လျှင် အစာမစားရပဲ မနေနိုင်သလို ကျနော်တို့သည်လဲ အချိန်တန်လျှင်တော့ အာဟာရလိုအပ်ပေသည်။ ကျနော်တို့ ယင်းအာဟာရ မရလျှင် ကျနော်တို့ ဘာမှ ဆက်ပြီး မစွမ်းဆောင်နိုင်ပေ။ ဤသည်သာ ကျနော်တို့ အာဟာရ ဖြစ်ပေသည်။ ခုတလော ကျနော် နေသိပ်မကောင်းချင်ပါ။ ကျနော်၏ အစွမ်းအစများ ကျဆင်းလာသည်ကို မန်နေဂျာကလဲ သိပ်မကြိုက်ပါ။ ကျနော် အခြေအနေမကောင်းလျှင် နောက်တယောက်နဲ့ ပြောင်းပြီး အလုပ်ခိုင်းရန် အလုပ်က IT person ကိုလဲ ပြောနေသည်ကိုကြားရသည်။ ကျနော်လန့်တော့ လန့်နေမိသည်။ ကျနော် ဒီကုမ္မဏီမှာ အလုပ်လာသည်မှာ နှစ်ပေါင်းမနဲတော့ ကျနော် ဒီအလုပ်က လူတွေကို သံယောဇဉ်တွယ်မိသည်။ ကျနော် သူတို့ကို ချစ်သည်။ သူတို့နဲ့ မခွဲချင်ပေ။ သို့ကြောင့် ကျနော် တတ်နိုင်သလောက် လူတွေအတွက် ပေးဆပ်ချင်နေမိသေးသည်။ IT Person ကတော့ ပြောရှာပါသေးသည် ကျနော် အပြစ်ချည်းတော့မဟုတ် ကျနော်ဆီလာတဲ့ လမ်းကြောင်းက အရမ်းအလုပ်များနေလို့ ဖြစ်နိုင်သည်ဟု…. မှန်သည် ဤမန်နေဂျာကလဲ ကျနော်ဆီ ပို့လွတ်လိုက်သော အလုပ်များသည် နဲနဲနောနောတော့ မဟုတ်ပေ။ တခါတလေ ပင်ပန်းလျှင်တော့ နားချင်သည်။ ကျနော်ဘာလဲ အသင်သိလား သိချင်ရင် အောက်က လင့်ကိုသာ နှိပ်ပေတော့ဗျာ……

ကဲ စာဖတ်သူ ကျနော် ဘာဆိုတာ သိသွားပြီလားးးး ဒီလိုပါပဲဗျာ တခါတလေတော့လဲ ကျနော်လဲ ချောင်းဆိုးချင်တာပေါ့ အဟွတ်ဟွတ်….

မှတ်ချက်။ ။ အလုပ်ထဲမှာ ပျင်းနေတာနဲ့ ပိုစ့်ရေးဖို့ စဉ်းစားနေတာ မျက်စိရှေ့မှာ ရှိနေတဲ့ အလုပ်က Konica Minolta Printer ကြီးက တရားခံဖြစ်သွားရှာပါတယ်။ အရင်တုန်းကလဲ တခု ရေးဖူးပါတယ်။

ယုံကြည်ရာ စိတ်ကူး

March 25th, 2010 by တောင်ပေါ်သား Tags:
| Category in ကဗျာလေးများ | 8 Comments »


ကောင်းကင်ယံ တိမ်လွှာတွေ ဖြူစင်လို့
နံရံထက်မှာ ရွှေရောင်ကွပ် ပန်းချီကားတချပ်
ရောင်စုံခြယ် ရေပေါ်ဆေးတွေနဲ့
အိပ်မက်ထဲက ဒီညတည

ရီမောသံတို့နဲ့
သာယာဖွယ် မိသားစုကမ္ဘာ
အမှတ်မထင် တိုက်ခတ်တဲ့ လေနီကြမ်း
အရာအားလုံး ပြိုပျက်ခဲ့ပေါ့

လက်တွေ့ဘ၀ အမှောင်ထုကြားထဲ
မြင်နေရတာ မှိန်းဖျော့ဖျော့အလင်းရောင်လေးတခု
နံရံလေးဘက် ပိတ်လှောင်နေလေရဲ့
စိတ်ဓါတ်တို့က ညှိုးမကျဘူး

အခန်းထဲဝင်တော့ လှောင်ရီသံတချို့
သူ့ဟာသူ ဟစ်တလာဝင်စားသလိုလို
ရက်စက်တဲ့ မျက်ဝန်းတွေကြားထဲက
ငါတို့ သိုးငယ်တွေဘဝ

မမြင်ရသေးတဲ့ အလင်းအတွက်
ငါ့တို့တွေ ကြိုးစားဖူးတယ်
လက်ရှိမရနိုင်သေးပေမဲ့ တချိန်တော့
ငါတို့ ယုံကြည်ချက်တွေ အမှန်ဖြစ်စေရမယ်…….

ပုံကို Googleမှ ယူထားပါတယ်။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား