May 11th, 2010 by တောင်ပေါ်သား Tags: ပေါက်တတ်ကရ
| Category in All | 4 Comments »
အရောင်အသွေး တံဆိပ်စုံလို့
ဖွာသူရင်မှာ ခိုက်စေတယ်
တဖွာရှိုက်လိုက် တကြောင်းရေးလိုက်
စာရေးဆရာ အသဲစွဲ
တရှိုက်ရှူလိုက် တငုံသောက်လိုက်
ယမကာသမားများ အကြိုက်
အဖြူရောင်နဲ့ ရွှေဝါရောင်ခံ
စီးကရက်ဆိုတာ
လူသာမာန်များ နှစ်သက်ကြသည်
တို့ဓလေ့ထုတ် အစိမ်းရောင်လိပ်
တောသူတောင်သား ကြိုက်ကြလေ၏
စာရွှက်ကိုဖြန့် ဆေးမှုန့်ကိုထည့်
ဖွာသူများလဲ တွေ့ခဲ့ဖူးသည်
အကျဉ်းကျခံ လူသားအဖို့
သည်ဆေးလိပ်သာ သူ၏အဖော်
ထမင်းစားပြီး အပျင်းလဲပြေ
ခံတွင်းရှင်းဖို့ တဖွာတရှိုက်
သူတို့သောက်သည်
ဆေးလိပ်ကိုဝယ် ရောဂါကိုပွား
မကြိုက်သူတို့ ရှုံ့မဲ့ကြသည်
ဦးနှောက်ကြည်လင် စဉ်းစားဥာဏ်တိုး
ကြိုက်သူများက ပြောကြပြန်သည်….
အငွေ့ကိုထုတ် ဟန်ရေးလုပ်လို့
ကာလသားများ လူပျိုလှည့်သည်
လက်တွေ့ဘဝ
ဖွာလိုက်ရှိုက်လိုက် ဒီပါးစပ်မှာ
အငွေ့တွေများ မီးရထားပမာ
အချိန်တွေကြာ ဒီဆေးလိပ်တိုဘဝ
အဆုံးမှာတော့ ဖင်စီခံတာ ကျန်ခဲ့တာမို့
အသုံးမ၀င် အပစ်ခံဘဝ
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
May 10th, 2010 by တောင်ပေါ်သား Tags: စိတ်ခံစားချက်များ, စိတ်ခံစားချက်လေးများ
| Category in All | 4 Comments »
ကျနော် ဒီနေ့ အလုပ်ကိုလာဖို့ မနက်စောစော MRT လို့ခေါ်တဲ့ ရထားကို စီးရင်း လူအချို့ရဲ့ အပြုအမူတွေ အကျင့်စရိုက်တွေကို ကြည့်ပြီး တွေးနေမိပါတယ်။ လူတွေဟာ ပတ်ဝန်းကျင် အနေအထားပေါ် မူတည်ပြီး အကျင့်၊သိက္ခာတွေ ပြောင်းလဲလာရပါတယ်။ တခါတရံ သိမ့်မွေ့နူးညံတဲ့ လူတွေ တွေ့ရသလို အခါတရံတော့လဲ ရင့်သီးတဲ့ အပြောအဆိုနဲ့ ဆက်ဆံတတ်တဲ့ လူတွေကို တွေ့ရပါတယ်။ တခါတလေ အပြင်ပန်းသိမ့်မွေ့သလောက် အတွင်းစိတ်ထား ကောက်ကျစ်တတ်တဲ့ လူအချို့ကိုလဲ ရင်ဆိုင်ရပြန်ပါတယ်။
စင်ကာပူက ရထားတွဲလေးတွေမှာ ထိုင်ခုံလေးတွေ ရှိပါတယ်။ အစွန်ဆုံး ၂ နေရာကိုတော့ ပုံမှန်လူတွေထက် အကြောင်းအမျိုးမျိုးကြောင့် ပိုလိုအပ်တဲ့လူတွေအတွက် နေရာပေးဖို့ သတိပေးထားတာ ရှိပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်သည်၊ ဒုက္ခရောက်နေတဲ့ လူတွေ၊ အဖိုးအဖွားတွေ၊ ကလေးငယ်လေးတွေ အတွက်ပေါ့…. ဒီနေရာမှာ ကွာခြားတာက လူမျိုးပါပဲ ကျနော်မြန်မာပြည်က ပေါက်ဖွားလာတဲ့ လူတွေအတွက် (ဘာသာစုံ) လူကြီး၊မိဘတွေကို ရိုသေလေးစားတတ်သလို ကလေးငယ်လေးတွေကိုလဲ ချစ်ခင်စွာ ကြင်နာတတ်ပါတယ်။ အကျဉ်းပြောရရင်တော့ မြန်မာလူမျိုးအများစုဟာ ဒီလိုနေရာမျိုးလေးမှာ တော်ရုံ ထိုင်ခဲပါတယ် တကယ်လိုအပ်တဲ့ လူတွေကို နေရာပေးလေ့ရှိပါတယ်။ စလုံးလူတွေကတော့ မသိကျိုးကျွန်ပြုပြီး ဟန်ပန်တခွဲသားနဲ့ ထိုင်နေလေ့ရှိတာ တွေ့ရပါတယ်။ ဤသို့ စလုံးနိုင်ငံသားအများစု ပြုမှုတတ်သော အပြုအမှုနေရာမှာ မြန်မာနိုင်ငံသား တယောက် လုပ်ပြနေတာမြင်ရတော့ ရင်ထဲမှာ မပြောပြတတ်သော ခံစားချက်တခု ဖြစ်နေမိသည်
အဲ့လို မြင်နေမိတာကို ကိုယ့်ဟာကိုယ် သေချာပြန်စဉ်းစားမိတော့ ကျနော်လဲ ဒီနေရာလေးမှာ နေလာတာကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ သိစိတ်၊ မသိစိတ်တွေကနေ ပြောင်းလဲခဲ့တာတွေ အတော်ကို များလာခဲ့ပါပြီ။ အရင်ရောက်ခါစကလို ရထားစီးရင်း ကိုယ်နေရာလေးတခုရရင် သူများကို နေရာပေးတတ်တဲ့ အကျင့်တွေ ရှိတတ်လာပြီ။ အပြောအဆိုတွေလဲ တဖြေးဖြေး ရင့်သီးလာခဲ့ပြီလို့ ကိုယ့်ဟာကိုယ် ထင်မိပါတယ်။ မိသားစု အသိုင်းအဝိုင်းဝေးလို့ တယောက်ထဲ နေတတ်တဲ့ အကျင့်တွေလဲ ရှိနေပြန်ပါပြီ။ ငွေရဖို့အတွက် ဘယ်လိုပဲ ဖြစ်ဖြစ်လုပ်မဲ့ လူတွေနဲ့ စာရင်တော့ အနဲငယ် ခံသာပါသေးတယ်လို့ ဖြေတွေးတွေးမိရင်းနဲ့…..
ကျနော်တို့တွေသာ နေရာတွေ ဘယ်လောက်ပြောင်းပြောင်း သန့်ရှင်းတဲ့ စိတ်ဓါတ်၊ မြင့်မြတ်တဲ့ အကျင့်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်မယ်ဆို ကျနော်တို့ တိုင်းပြည်အတွက် နာမည်ကောင်း ထွက်လာစေမှာပါ…. ဒါကလဲ တိုင်းပြည်ကို အကျိုးပြုနေတဲ့ နည်းလမ်းတွေထဲက တခုမဟုတ်ပါဘူးလား……..
မြန်မာတွေအားလုံး မြန်မာလို နေတတ်ကြပါစေ…….
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
May 3rd, 2010 by တောင်ပေါ်သား Tags: စိတ်ခံစားချက်လေးများ
| Category in All | 4 Comments »
“ အမေ…. သားပါ… အမေ နေကောင်းလား အမေ…… ”
“…………………. ”
“အင်းးးးးးး ဟုတ်တယ်…… သား ဒီလ လစာထုတ်ရင် အိမ်ပြန်မပို့နိုင်ဘူး အမေ…. အမေတို့ အဆင်ပြေနိုင်လား….. ”
“…………………. ”
“………………….အင်း ဟုတ်တယ်….. သား Passport လဲ သက်တမ်းတိုးရဦးမယ်…. အခွန်လဲ ဆောင်ရမယ်….. အင်းးးးးးးးးးးးးး ဟုတ်တယ်…….. ”
“…………………. ”
“………………….သူဌေးကတော့ ကောင်းပါတယ်…. ဟို Agent က အပြောနဲ့ အလုပ် မညီဘူးအမေ…. သားကို ၅၀၀ ကျော်လေးပဲ ပေးတယ်… သား OT ရရင်တော့ တလကို ၈၀၀ လောက်တော့ ရပါတယ် စားတာလေးတွေ ပြန်နုတ်လိုက်တော့ နဲနဲတော့ စုဖြစ်ပါတယ်အမေ…. ”
“…………………. ”
“………………….အင်းးးးးးးးးး အားလုံးအဆင်ပြေပါတယ် အမေ…. သားအတွက် စိတ်မပူနေနဲ့….. အမေတို့သာ အဆင်ပြေအောင်နေပါ………. ”
“…………………. ”
“………………….အင်းးးးးး… ဒါဆို ဒါပဲလေ အမေ…. အမေ နေကောင်းအောင် နေနော် သားနောက်တလတော့ ပိုက်ဆံ ပို့ဖြစ်အောင် ပို့လိုက်ပါမယ်….. ”
လောကမှာ ကျရာနေရာကနေ လူပီသတဲ့ လူတယောက်ဖြစ်ဖို့ ကြိုးစားနေကြတဲ့ လူတွေ အများကြီးထဲက ကျနော် မသိတဲ့ မရင်းနှီးဖူးတဲ့ လူငယ်တယောက်ရဲ့ ပြောစကားလေးတွေပါ… ထာဝရ အမှတ်ရနေမှာပါ……..
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
Recent Comments