ခုတလော

March 24th, 2010 by တောင်ပေါ်သား Tags: ,
| Category in ကဗျာလေးများ | 18 Comments »

လက်တွေ့ဘ၀ဟာ စိတ်ကူးယဉ် အိပ်မက်ထဲက ဘ၀တွေနဲ့ အတော့်ကို ကွာခြားနေရင် လူတယောက်အဖို့ ရုန်းကန် လှုပ်ရှားရတာတွေ မလွယ်ကူလှပါဘူး ဒီလိုပဲ လက်ရှိအချိန်ထိ ဘာမှရေရေရာရာ မဖြစ်လာသေးတဲ့ ဘ၀ကြီးကိုကြည့်ပြီး တခါတရံမှာ စိတ်ပျက်အားငယ်နေမိတတ်တယ်။ ကိုယ့်တယောက်ထဲ ဘ၀အတွက်တော့ မဟုတ်ပါဘူး နောင်ဖြစ်လာမဲ့ ရှေ့ရေးတွေကို တွေးပြီး တခါတလေ စိတ်ပျက်နေမိတတ်တဲ့ အကျင့်တွေ ဘယ်က ဘယ်လိုရောက်လာမှန်းလဲ မသိပါဘူး။ လူအများအမြင်မှာတော့ ကျနော်ဟာ ပျော်ပျော်နေတတ်တဲ့ အစအနောက်သန်တဲ့ လူငယ်တယောက်အဖြစ်ပေါ့… မှန်ပါတယ် ကျနော် အစအနောက် သန်ပါတယ်။ ဒါပေမဲ့ ကျနော်ကြောင့် တဦးတယောက် စိတ်ညစ်သွားရလောက်တဲ့ထိ ကျနော်မစနောက်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှလဲ နာပါစေဆိုပြီး ကျနော်ပြောဆိုခဲ့ခြင်း မရှိခဲ့ဖူးပါဘူး….. ခုတလောပေါ့ စဉ်းစားနေမိတာတွေ ချရေးလိုက်ပါတယ်။

တွေးမိနေတာက

ခုတလော တွေးနေမိတာကတော့ အစုံပါပဲ။ ဒါပေမဲ့ တခုမှတော့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးပါဘူး။ တချိန်ပေါ့ အကောင်အထည်ပေါ်လာအောင်တော့ ကြိုးစားနေရမှာပါပဲ။ ဒီတော့ စိတ်ကူးထဲက တွေးနေတာလေးတွေ မပျောက်ပျက်အောင်တော့ တွေးနေမိပါတယ်

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ကိုယ့်ဟာကိုယ် တခါတလေ ပြန်သုံးသပ်ကြည့်မိပါတယ်။ တကယ့်ကို ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတယောက်မျိုးဖြစ်နေလား မသိပါဘူး။ လိုအပ်ချက်တွေ ပြုပြင်ရမဲ့ အချက်တွေ များနေပါတယ်။

ကျန်းမာရေး

ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါတယ်။ အံ့သြော်ဖို့ကောင်းတာတခုကတော့ ဒီကိုရောက်လာပြီးကတည်းက တော်ယုံတန်ရုံ ဖျားနာတာတောင် မရှိသလောက်ပါပဲ။ ရန်ကုန်မှာတုန်းကဆို ခဏခဏ နေမကောင်းချင်သလိုလို ဖြစ်တတ်ပါတယ်။ ကိုယ့်ဘာသာ တယောက်ထဲ နေတော့ သိပ်ပြီး ရောဂါမဖြစ်တတ်ပါဘူး။ တယောက်ထဲနေလို့ ဂရုစိုက်လားဆိုတော့လဲ ဂရုမစိုက်ဖြစ်ပါဘူး။ :P ဂျီကျစရာ မိဘ ဆွေမျိုးမရှိလို့နဲ့ တူပါတယ်။း)

ဖတ်ဖြစ်နေတာက

ဖတ်ဖြစ်တာကတော့ အွန်လိုင်းက ဘလော့စာပေအစုံပါပဲ။ ဒါပေမဲ့ ခုတလော စိတ်က နုနုလေးတွေ ရေးတဲ့ စာတွေဆို သိပ်စိတ်မ၀င်စားဘူး။ ပုံမှန်သွားဖတ်ဖြစ်နေတာက မြန်မာဘောလုံး ကိုလူထွေးဦးကျောက်ကိုပီတာကိုနစ်နေမန်းအာဇာနည်ဧရာဝတီ ဒါလောက်ပါပဲ။ အင်္ဂါနဲ့ သောကြာဆိုရင်တော့ First-11 ကိုဝင်ဖတ်ဖြစ်ပါတယ်။ ဘောလုံးကလဲ ၀ါသနာပါတယ်ဗျ..

ရောက်နေတဲ့နေရာက

ပုံမှန်သွားနေတာက အလုပ်ကိုလေ။ မနက်အိပ်ရာထ ရေချိုးပြီး အလုပ်ကိုသွားတယ်။ ညနေ မိုးချုပ်ပြန်လာတယ်။ ဒါက ပုံမှန်ပေါ့။ အလုပ်ပိတ်ရက်တွေကတော့ ညီအကိုမောင်နှမတွေ စုစည်းရာ မိသားစုအိမ်လေးမှာ သွားအနားယူပါတယ်။ အဲ့မှာ သူတို့ ချက်ကျွေးတဲ့ ထမင်းကိုအလကားစားတယ် သူတို့ ဖျော်တိုက်တဲ့ ကော်ဖီကို ပါးစပ်စိုက်ပြီး သောက်တယ်။ သူတို့နဲ့ ဂိမ်းတွေ တူတူဆော့တယ်။

မုန်းနေမိတာက

မုန်းနေမိတာက ဘာမှမရှိပါဘူး။ လူတယောက်ကို အကြောင်းမဲ့ စကားမပြောပဲ မနေတတ်သလို လူတွေကိုလဲ မမုန်းတတ်ပါဘူး။ တခါတလေ စိတ်ထဲမှာ အမြင်မတူရင်လဲ ခဏလေး စကားမပြောပဲနေလိုက်တယ် ပြီးရင်တော့ စကားတွေ ဖောင်ဖွဲ့ပြီး ပြန်ပြောဖြစ်တာပါပဲ။ အားလုံးကို မမုန်းတတ်ပါဘူး

ချစ်နေတာက

ချစ်နေတာက မိသားစုလေးနဲ့ တဦးတည်းသော ချစ်ရတဲ့သူပေါ့း)

စိတ်ပျက်နေမိတာက

စိတ်ပျက်စရာ မရှိသေးပါ။ ရှိနေခဲ့တယ်ဆိုရင်လဲ ကိုယ့်ဟာကိုယ်ပဲ စိတ်ပျက်နေမိမယ်နဲ့ တူတယ်

ကျေးဇူးရှင် မေမေ

March 19th, 2010 by တောင်ပေါ်သား Tags: , ,
| Category in အမေ့အမှတ်တရ | 24 Comments »

လက်ရှိရောက်နေတဲ့ နေရာလေးကနေ ခေါင်းပြန်လှည့်ကြည့်လိုက်တော့ မိုင်တိုင်တွေ တခုပြီးတခု ဖြတ်သန်းလာခဲ့ရပြီနော် အမေ… ဒီကမ္ဘာလောကမှာ အသက်အရွယ်နဲ့ ပတ်သက်ရင် လူတွေက ပြောကြတယ်။ အသက်၄၀ ကျော်မှ ဘ၀စတာတဲ့ အမေ… တကယ်တော့ အမေရုန်းကန်ပြီး ဘ၀စခဲ့ရတာတွေက ဟိုအရင် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းကပါ။ အမေတယောက်ထဲ လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ကျနော်တို့ သားသမီးတွေအတွက် ရင်ကော့အံကြိတ်လို့ ကျော်ဖြတ်ပြခဲ့တယ် အမေ… တခါတလေများ အမေရဲ့ တိတ်တခိုး ငိုကြွေးချက်တွေ ကျနော်တို့ မြင်ခဲ့ဖူးပေမဲ့ အမေ့ဆီက ညဉ်းတွားတဲ့ အသံလေးတစက်တောင်မှ ကျနော်တို့ဘ၀မှာ မကြားခဲ့ရဖူးပါဘူး အမေ…….

အတွေးတွေကို ဟိုအရင်အတိတ်တွေဆီ ဖြတ်သန်းစီးဆင်းကြည့်မိတော့ ကျနော့်မှတ်မိနေသေးတယ် အမေ… ကျနော်ငယ်စဉ်က အမေဆူဟောက်ခဲ့တာတွေပေါ့.. သားသမီးတွေကို အမေတယောက်ထဲရဲ့ စွမ်းအားတွေနဲ့ အမေလူလားမြောက်အောင် စောင့်ရှောက် ကျွေးမွေးနိုင်ခဲ့တယ်… ခုဆိုကျနော်တို့ လူအများစုနဲ့ တန်းတူ ဝင်ဆံ့ ရင်ဆိုင်နိုင်ပြီအမေ… ဒုတ်တချောင်းကိုင်လို့ အမေရဲ့ ရိုက်ချက်တွေက ခုဆို ကျနော်ဘ၀အတွက် အလွန်တရာမျှ တန်ဖိုးကြီးမားတဲ့ စိတ်ဓါတ်တွေ မွေးဖွားပေးခဲ့ပြန်တယ်အမေ… အမေ့ရဲ့ ဆူဟောက်ကြိမ်းမောင်းသံတွေက ကျနော့်အတွက် ခွန်အားတခုဖြစ်တယ် အမေ… အမေ့ရဲ့ ပြုပြင်သွန်သင်မှုတွေကြောင့် ကျနော် လူဆိုးတယောက်မဖြစ်ခဲ့ဘူး ကျနော့် စာရိတ္တတွေ မပျက်ပြားအောင် တတ်နိုင်သမျှ ကျနော်စောင့်ထိန်းနိုင်ခဲ့ပြီ အမေ….

တကယ်တော့ ကျနော်တို့ မိသားစုလေးဟာ သူများတွေလို နွေးနွေးထွေးထွေးတော့ မရှိခဲ့ဘူးလို့ ကျနော်တော့ ထင်မိတာပဲလေ…. မိသားစုတွေ တယောက်ကို တယောက် သံယောဇဉ်ကြီးတယ် ချစ်ကြတယ်… ဒါပေမဲ့ ကျနော်တို့ ပါးစပ်တွေက တခွန်းမှ ချစ်တယ်ဆိုတဲ့ စကားလုံးတွေမပြောတတ်ခဲ့ဘူး ဒါကျနော်တို့မိသားစုရဲ့ ဓလေ့ပဲလားအမေ ကျနော်သိတတ်နားလည်တဲ့ အရွယ်ကစလို့ သတိထားမိတာလေး တခုရှိတယ်အမေရယ်.. အမေလေ ကျနော့်ကို ချစ်ပါတယ်လို့ ပြောဖူးတာမရှိသလိုပဲနော် ကျနော်လဲ အမေ့ကို ချစ်လားဆိုပြီး တခွန်းမှ မမေးဖူးခဲ့သလို အမေကလဲ သားဖြစ်သူကို တခွန်းမှ ချစ်လား မမေးခဲ့ဖူးဘူးနော် ရာနှုန်းပြည့်သေချာတာကတော့ အမေဟာ ကျနော့်ကို အချစ်ဆုံးဆိုတာနဲ့ ကျနော်ဘ၀မှာလဲ အမေသာ အလိုအပ်ဆုံးဆိုတာ အချင်းချင်း ရင်ထဲကနေသိနေပါတယ်။ ဒါတွေ ထားလိုက်ပါတော့ ဒါဟာကျနော်တို့ မိသားစုက ပေါက်ဖွားလာတဲ့ ၀သီ ပဲနေမှာပါ။ ကျနော်ဟာ အမေ့ရဲ့ သားပဲလေ အမေ့အတိုင်း အမေ့ဗီဇတော့ ရှိမှာပေါ့…. သေချာတာ တခုကတော့ ဒီတခေါက် သားပြန်လာရင် အမေ့ကိုချစ်ကြောင်း ကျနော်စကားတွေ ပြောဖြစ်မှာပါ အမေ….

အသက် ၄၀ ကျော်ဆိုတာ ပိုက်ဆံရှိ သူဌေးတွေအတွက်တော့ ပျော်ရွှင်စရာတွေဖြစ်နေမယ် ဆိုတာ ခြွင်းချက်မရှိ မှန်နိုင်ပေမဲ့ အမေလို သာမာန်လူတယောက်အတွက်ကတော့ ဇရာရဲ့ လှည့်ကွက်အောက်မှာ နဂိုရှိရင်းစွဲအလှအပတွေ လျော့ပါး ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီထင်ပါတယ် အမေ…. အမေ့ရဲ့ ပါးပြင်တွေ နေလောင်ဒဏ်တွေကြောင့် အသားတွေ လောင်ကုန်ပြီလား…. အမေ့ဘ၀မှာ ဒီသားသမီးတွေအတွက် ရုန်းကန်ခဲ့ရတာတွေကြောင့် အမေ အမေ့ရဲ့မွေးနေ့လေးကိုကော မေ့နေပြီလား အမေ…. အချိန်ရှိသမျှ ဒီသားသမီးတွေရဲ့ ရှေ့ရေး၊ နောင်ရေးကို စဉ်းစားနေတတ်တဲ့ ကျနော်အမေ ဒီလိုမွေးနေ့ရက်မျိုးတွေကို မသိပဲ ဖြတ်သန်းခဲ့ရတာတွေ ဘယ်လောက်တောင် ကြာညောင်းခဲ့ပြီလဲ အမေရယ်…..

လူလောကမှာ လူဖြစ်ရတာ မွန်မြတ်တယ်ဆိုပေမဲ့လို့ အရာရာမပြည့်စုံခဲ့ရတဲ့ လူတွေအဖို့တော့ လူလောကဟာ သူတို့အဖို့တော့ ငရဲအလားပါပဲ။ ဒီလောကမှာ ကျနော်မြင်တွေ့ခဲ့ရသလောက် ကျနော်လက်တွေ့မှာ တကယ်မခံစားခဲ့ရဖူးဘူး အမေ… ကျနော်တို့ ထမင်းမငတ်ခဲ့ဖူးဘူးအမေ… ကျနော်တို့ အတွက် ညအိပ်စရာ အိမ်ဆိုတာရှိတယ် အသားပါတဲ့ ဟင်းတွေရှိတယ်…. ကျနော်တို့ အတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ တဦးတည်းသော အမေရှိတယ်။ ကျနော်တို့ ငရဲ မကျခဲ့ပါဘူးအမေ… တခါတလေ လိုချင်တာ ချက်ချင်းမရလို့ မျက်နှာကိုဆူပုတ်ပြီး နေလိုက်တာနဲ့ အမေ မဖြစ်ဖြစ်အောင် တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့တယ်အမေ ကျေးဇူးပါအမေ……

အမေ ဒီနှစ်မှာကျရောက်တဲ့ အမေမွေးနေ့လေးမှာတော့ အမေပျော်နေမှာပါ။ ပျော်နေမယ်ဆိုတာ အဝေးကနေ သားသိနေပါတယ်။ အခုအမေ့ဘေးမှာ အမေ့ရဲ့ ချစ်သမီးက မွေးဖွားလာတဲ့ အမေ့မြေးတွေနဲ့ အမေရဲ့ တူ၊ တူမတွေ အများကြီးနဲ့ မွေးနေ့ကိတ်ကြီးလှီးပြီး အမေပျော်နေမှာပါ… အမေ့ရဲ့အပျော်တွေက သားဆီလဲ ကူးစက်လို့ အရမ်းပျော်နေမိပါတယ် အမေရယ်…  အမေ့ရဲ့ အပြုံးတွေကို အတွေးထဲမှာ မြင်နေရတယ်… အမေအသက်ထက်ဆုံး ဒီလို ပျော်ရွှင်ဖွယ်နေ့လေးတွေကို အချိန်တိုင်းပိုင်ဆိုင်နိုင်ပါစေလို့ ကျနော်ဆုတောင်းပေးပါတယ် အမေ…. အရာအားလုံးအတွက် ကျေးဇူးကြီးလှပါတယ် အမေ……

ပုံကို <a href=”http://www.google.com” taget=”_blank”>Google</a>မှ ယူထားပါတယ်။

<div style=”text-align: right;”>

လေးစားလျက် တောင်ပေါ်သား
</div>

ရင်ခွင့်မဲ့ ငှက်တကောင်

March 18th, 2010 by တောင်ပေါ်သား Tags:
| Category in ကဗျာလေးများ | 11 Comments »

ငါတို့ရဲ့ အတောင်ပံ ဖြန့်ထုတ်လို့
မိသားစုနဲ့ဝေးရာ တဖက်ကိုငါတို့ ပျံသန်းခဲ့တယ်
သာယာတဲ့ မိသားစုလေးဖြစ်ဖို့
ငါတို့တွေ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်
တကယ်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်သာ…..

အဝေးက ငါတို့အိမ်လေး လှပဖို့
ငါတို့တွေ ဟိုကမ္ဘာတဖက်ကို စားကျက်ဖြန့်ခဲ့ကြတယ်…
သာယာသံတွေ ပျော်ရွယ်ဖွယ် အော်ဟစ်သံတွေနဲ့
ဖြန့်ကျက်ထားတဲ့ အိမ်လေးနဲ့ ဝေးရာကိုပေါ့
တကယ်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်သာ…..

တခါတလေ အတောင်ညောင်းလို့ ရပ်နားလိုက်တော့
ပတ်ဝန်းကျင်က ငှက်ဆိုးများရဲ့ တရစပ်ထိုးနှက်မှု
တိုက်ခတ်မှုတွေရဲ့ ဒဏ်ကိုခံရတာကလဲ အလူးအလဲ…….
ဒါပေမဲ့ ငါတို့ကျေနပ်ပါတယ်….
ငါတို့ပျံသန်းခဲ့တာ ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တာ

တခါတလေ ငါတို့မျိုးတူတွေရဲ့ အသံများကြားလိုက်ရင်
ငါတို့မောပန်းခဲ့တာတွေ ပျောက်ကွယ်ပေါ့…..
တကယ်တော့ ငါတို့ ဦးတည်ချက်ပျောက်နေပေမဲ့
ငါတို့ အိမ်လေးအတွက် ဆက်ပျံသန်းဆဲပါ
တကယ်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်သာ…..

အချိန်တန်တော့လဲ အိမ်အပြန်လမ်းကို
ငါတို့ မမှားမယွင်း လမ်းမပျောက်ပဲ ပျံသန်းကြရမှာပါပဲ
ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအသိုက်အမြုံလေးထဲ
ငါတို့တွေ ပြန်ခိုလှုံလို့ ပျံသန်းခဲ့ကြရမှာပါ
လက်ရှိချိန်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်အဖြစ်သာ………….

ပုံကို Googleမှ ယူထားပါတယ်။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား