မဆုံနိုင်တဲ့

January 29th, 2010 by တောင်ပေါ်သား Tags: ,
| Category in All | 19 Comments »

ဘေးချင်းကပ်လျှက်
နီးရက်နဲ့ဝေးးးးး

မဆုံနိုင်တဲ့ မြစ်၂စင်း
သံဟဇာတ တည့်အောင်
တယောက်ကို တယောက် ဖေးထူလို့
ကူညီမူတွေအလျှံပယ်နဲ့

သေချာပြန်သုံးသပ်တော့
ဒီမျက်နှာတွေ ဘ၀တသက်မှာ
ဆုံနိုင်ဖို့ကဝေးးးးးး
ငါတို့ဘ၀က သုံးနဲ့လေး

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

ပျက်စီးခြင်းများနဲ့ ကမ္ဘာ

January 18th, 2010 by တောင်ပေါ်သား Tags: , ,
| Category in All | 16 Comments »

ပျက်စီးခြင်းများနဲ့ ကမ္ဘာ
လူသားမဆန်တဲ့ ရိုက်ချက်တွေအောက်
အတွယ်အတာမဲ့ မျှော်လင့်ချက်တွေ ကျိုးပဲ့နေ
ကံကြမ္မာက မျက်နှာသာမပေးတော့
နူရာဝဲစွဲ ဖြစ်သလို ဘ၀တွေလဲ စုတ်ပျက်ခဲ့ရ…..

ထန်းပင်လောက်မြင့်တဲ့ ဒီရေတွေ
မိသားစုကို ဖြိုခွဲဖျက်ဆီးသွားတဲ့ လေထုတွေ
အရာရာဟာ သဘာဝတရားက ဖန်တီးထားတာတဲ့လား
ဒီသဘာဝကို ဘယ်သူတွေ ဖျက်ဆီးခဲ့လေသလဲ
သေချာဆန်းစစ် အဖြေညှိတော့
ကျွန်ုပ်တို့သာ တရားခံ……..

အပြစ်မဲ့ ကလေးတွေရဲ့ အော်ဟစ်ငိုယိုသံတွေ
တိုက်တာကြားက လက်ချောင်းလေးတွေ
သွေးချင်းချင်းနီတဲ့ မျက်နှာ
ဒါတွေဟာ သဘာဝတရားက ဖန်တီးထားတဲ့
ရိုက်ချက်တွေတဲ့လား
သေချာဆန်းစစ် အဖြေညှိတော့
ကျွန်ုပ်တို့သာ တရားခံ……..

ငါတို့တိုင်းပြည် တန်ခိုးကြီးလွန်း
သဘာဝဘေးလွတ်ကင်းမြဲဟု ကြွေးကြော်ခဲ့ဖူး
စာရိတ္တတွေ ချို့ယွင်းဖောက်ပြား
မကောင်းဘုရင် မင်းဆိုးစနစ်
အထိနာတာ ပြည်သူတွေချည်း
လူမျိုးမခွဲ လူသားဆန်စွာ ပြုမူနေလျှင်
အဘယ်ရန်က အန်တုနိုင်မည်နည်း

သေချာဆန်းစစ် အဖြေညှိတော့
ကျွန်ုပ်တို့သာ တရားခံ…………….

ကျနော်တို့ နေထိုင်တဲ့ ဒီကမ္ဘာကြီးပေါ်မှာ ဆုတ်ယုတ်မူတွေများပြားလာနေတာ နေ့စဉ်နဲ့အမျှပါပဲ။ ရေကြီး၊ ငလျင်လှုပ်၊ မီးလောင် စသည့်ဖြင့် ဒုက္ခအမျိုးမျိုးကို ကျနော်တို့ကမ္ဘာပေါ်က လူသားတွေ ခံစားနေရတာ စိတ်မကောင်းစရာပါ။ အရွယ်မရောက်သေးတဲ့ သားသမီးတွေ မိဘတွေ မရှိတော့တဲ့ဘ၀၊ အရွယ်လွန် အိုမင်းနေတဲ့ဖိုးဖွားတွေ ကာကွယ်စောင့်ရှောက်မူတွေ ပျောက်ဆုံး ပျက်သုန်းနေရပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပွားတဲ့ နာဂစ်မုန်တိုင်းရဲ့ ရိုက်ချက်ကြောင့် အခုချိန်ထိ အရင်အတိတ်ကလို ပြန်လဲ မထူထောင်နိုင်သေးတဲ့ မိသားစုဘ၀တွေ အများကြီးပါ။ ခုလဲ ဟေတီမှာ အင်အားကြီးမားပြင်းထန်တဲ့ ငလျင်တခု (ရစ်ခ်ျတာစကေး ၇.၀)ကြောင့် လူပေါင်း ထောင်သောင်းများစွာ သေကြေခဲ့ကြရသလို ဒုက္ခရောက်နေတဲ့ မိသားစုတွေလဲ အများအပြားရှိနေပါတယ်။ ကျနော်တို့လဲ လူမျိုး၊ ဘာသာမကွဲခြားပဲ တတ်နိုင်သလောက် ကူညီပေးနိုင်မယ်ဆိုရင်ဖြင့် သူတို့လေးတွေ အနဲအများတော့ အရာရောက်နိုင်ပါတယ်

တခါတလေတော့ စဉ်းစားလို့မရအောင်ဖြစ်ရပါတယ်။ သေသင့်သေထိုက်တဲ့လူတွေက ဘာလို့မသေဘဲ ရှင်သန်နေနိုင်သလဲပေါ့……… :P

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

သံစဉ်မဲ့ တေးသွား

January 15th, 2010 by တောင်ပေါ်သား Tags:
| Category in All | 18 Comments »

ကောင်းကင်ထပ်ကိုမော့ကြည့်လိုက်တော့
ညိုမှိုင်းနေတဲ့ တိမ်သားတွေနဲ့အတူ
အလင်းရောင်က ပေါ်လိုက်ပျောက်လိုက်
အရာရာတည်မြဲမူမရှိ ဘ၀ရဲ့ နမိတ်ပြကောင်းကင်တွေလား…

စိတ်အစဉ်ကိုလွှင့်လို့ ဒီပင်လယ်ထဲ
လှော်တက်၊ ရွက်မပါပဲ ငါ မျောလွှင့်ခဲ့ဖူးတယ်
အချိန်တန်တော့လဲ ဘာမှမပါ ငါ့အတွက်တော့
လက်ပန်းကျ မောဟိုက်ခဲ့ရတာပါပဲ…..

မမျှော်လင့် မကြားချင်တဲ့ စကားလုံးတွေ
သံရည်ပူတွေအလား ငါ့နားထဲ တိုးဝင်ရောက်လာတယ်
ပိုင်ဆိုင်မူကို မမက်မောခဲ့ပေမဲ့
ဆုံးရှုံးသွားမှာကို ငါကြောက်ရွံ့နေဆဲပါလေ……..

အခြေမခိုင် နှလုံးသားအတွက်
အရာရာကို တောင်းဆိုခွင့်မလုပ်ချင်ပါဘူး
ဝေးနေပေမဲ့ နှလုံးသားဆီက ရိုက်ခတ်လာမဲ့
သံစဉ်မဲ့ တေးသွားတပုဒ်
မင်းကြားနေရဆဲဖြစ်မှာပါ ချစ်သူ……….

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား