July 26th, 2010 by တောင်ပေါ်သား Tags: စိတ်ခံစားချက်လေးများ
| Category in All | 5 Comments »
တခါတလေတော့လဲ ကျနော် တွေးနေမိသား….. ဘာရယ်တော့လဲ မဟုတ် ပျင်းနေရင် တွေးနေမိတာ လူတွေရဲ့ အကျင့်တခုမလား.. ဒီတော့လဲ ကျနော် တွေးမိတယ် (ဆိုလိုချင်တာက အပျင်းကြီးနေတယ်) ကျနော်တို့လို လူတွေအနေနဲ့ ခင်မင်စရာ တွယ်တာစရာလေးတွေကို ခုံမင်တတ်ကြတာပဲ။ မိသားစုနဲ့ ဝေးနေရတော့လဲ တခါတလေ မိသားစုကိုလွမ်းမိကြတယ်။ မိဘ၊ဆွေမျိုးတွေကို လွမ်းတတ်ကြမယ်….. သူငယ်ချင်း အပေါင်းအသင်းတွေကို သတိရတတ်ကြမယ်…. ကျနော်တို့တွေ ဒီလို အချိန်တွေ အများကြီး ပေးဆပ်ခဲ့ရတာတွေ ထိုက်တန်တဲ့ ရလာဒ်တွေကော ရခဲ့ကြသလား……. သေချာစဉ်းစားကြည့်မိတော့ ကျနော်သည် အရင်တုန်းက ကျနော် မဟုတ်ခဲ့တော့ပေ…….
အရင်တုန်းက ပိုးသားလို ဖြူတဲ့ အမေ့လက်ပေါ်မှာ ကျနော် ကြီးပြင်းလာခဲ့တယ်… ခုတော့ ကျနော် ပိုးသားလို လိုက် မဖြူနိုင်တော့ပေ…..
အရင်တုန်းက ကျနော် သူငယ်ချင်းတွေကို တွယ်တာတတ်တယ်… ခုတော့ ကျနော် သူငယ်ချင်းတွေကို မေ့နေတတ်ပြီ……..
အရင်တုန်းက ကျနော် မိသားစုကို ခင်တွယ် မြတ်နိုးတယ်… ခုတော့ ကျနော် တယောက်ထဲ နေတတ်ခဲ့ပြီ………
အရင်တုန်းက အထိုက်အလျောက် ဖြူစင်ခဲ့ဖူးတယ်… ခုတော့ ကျနော် အစွန်းအထင်းတွေ များခဲ့ပြီ………..
အရင်တုန်းက ကျနော် ရိုးသားခဲ့ဖူးတယ်……. ခုတော့ ကျနော် လိမ်တတ်ခဲ့ပြီ…………
အရင်တုန်းက ကျနော် ပွင့်လင်းစွာ ပြောဆိုဖူးခဲ့သည်…… ခုကျနော် ပါးစပ်တွေ နှုတ်ဆိတ်နေတတ်ခဲ့ပြီ……..
အရင်တုန်းက အမှားတွေ နဲခဲ့တယ်…… ခုတော့ ကျနော် အမှားများနဲ့ လူတယောက် ဖြစ်နေပြီ……..
အရင်တုန်းက အမှားသိရင် ရှောင်ခဲ့ဖူးတယ်…. ခုတော့ ကျနော် အမှားကို သိရက်နဲ့ ထပ်တိုးနေမိပြီ…..
ခုနေများ အရင်တုန်းက မိတ်ဆွေ၊ သူငယ်ချင်းတွေ များတွေ့ရင် သူတို့ ရင်ထဲက ထွက်လာမဲ့ စကားလေး တခုကို ကျနော် ကြိုခန့်မှန်းတတ်ခဲ့ပါပြီ။
သြော်…. ကျနော်သည် အရင်တုန်းက ကျနော် မဟုတ်တော့ပါ့လား……………………….
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။
……….
လေးစားလျက်
တောင်ပေါ်သား
July 19th, 2010 by တောင်ပေါ်သား Tags: စိတ်ခံစားချက်လေးများ
| Category in All | 3 Comments »
မိတ်ဆွေ၊ အပေါင်းအသင်း စတာတွေက လူတယောက်ရဲ့ ဘဝမှာ ဘယ်လောက်ထိ အရေးပါနိုင်ပါသလဲ .. ဘယ်အတိုင်းအတာတခုထိ ဖြည့်ဆည်းပေးနိုင်ပါမည်လဲ။ လူရယ်လို့ ဖြစ်လာပြီဆိုကတည်းက ပတ်ဝန်းကျင် အသိုင်းအဝန်းကြားမှာ ကြီးပြင်း ပေါက်ဖွားလာခဲ့ရတာတွေချည်း မဟုတ်ပါသလား။ ဒီတော့ ကျနော်တို့ အတွက် ပတ်ဝန်းကျင် အသိုင်းအဝိုင်းဆိုသည်မှာ ကင်းကွာလို့မရ .. ဒါတွေကို မျက်စိစုံမှိတ်ပြီး လူ့လောကမှာ တယောက်ထဲ ရပ်တည်နေနိုင်ဖို့ ဆိုတာကကော ဖြစ်နိုင်ပါမည်လား။ ကျနော်တို့ရဲ့ မိသားစု အသိုင်းအဝန်း ဆိုသည်မှာ လောကကြီးအတွင်း လူသားချင်း ဘယ်လို ဆက်ဆံ ပြုမူနေထိုင်ရမယ်ဆိုတာတွေကို သင်ကြားပေးခဲ့တဲ့ လက်ဦးဆရာတွေသာ)
သတ္တဝါ (လူ၊တိရစ္ဆာန်) လို့ ဆိုလိုက်တာနဲ့ သူတို့ ကျင်လည်နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီး အကောင်း၊ အဆိုးရှိသည်။ အယဉ် အရိုင်း ရှိသည်။ ဥာဏ်ရည်မြင့်တဲ့ တိရစ္ဆာန်လိုမျိုး ရှိသလို ကျနော်တို့ လူသားတွေထဲမှာလဲ ဥာဏ်ရည်မြင့်သည့် လူတွေ ရှိသလို၊ ဥာဏ်ရည် မမြင့်တဲ့ လူသတ္တဝါ လူအန္ဓ တွေလဲ တပုံတပင် ရှိနေပေလိမ့်မည်။ အခြေခံ အကျဆုံး အချက်ကတော့ ဘယ်လောက်ပဲ ဥာဏ်ရည်၊ ဥာဏ်သွေး မြင့်မားနေပါစေ၊ နိမ့်ကျနေပါစေ ကျနော်တို့တွင် မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းကတော့ ရှိရစမြဲပင်။ ကျနော်တို့ ဘာသာတရားတိုင်းလိုလိုတွင် ရှိနေသည့် အချက်က လူလောကဆိုသည်မှာ တကယ်တော့ ခဏတာအချိန်လေး တခုအတွင်းသာ ဖြစ်သည်မဟုတ်ပါလော့။ ဤခဏတာ လူဖြစ်ရသည့်အချိန်လေးထဲမှာ ကျနော်တို့ အချင်းချင်း ချစ်ခင်ညီညွတ်စွာ နေထိုင်ကြရင်ဖြင့် ကျနော်တို့ စိတ်ကျေနပ် ပျော်ရွှင်မှုတွေနဲ့ ပျော်ရွှင်စရာ အရသာကို ခံစားရပေမည်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ လမ်းခွဲခဲ့လျှင်လဲ စိတ်ဖြူစင် သန့်ရှင်းစွာဖြင့် ပျော်ရွှင်စွာ နှုတ်ဆက်လမ်းခွဲတတ်ဖို့က အရေးကြီးပေသည်။ တဦးနှင့် တဦး စတင် တွေ့ဆုံခင်မင်ရခြင်းသည် တနေ့ခွဲရဖို့ပင်။ ဒီအချက်သည် သေချာသော လောကနိယာမ တခုဟု ကျနော် ယူဆမိပါသည်။
ကျနော်သည် လူတယောက် ဖြစ်သည့်အလျှောက် လူတယောက်မှာ ရှိသင့်သည့် စိတ်ခံစားချက် ရှိပေသည်။ တခါတရံ ကျနော် စိတ်တိုတတ်သည်၊ ကျနော် မရင့်ကျက်သည့် အရာတွေလဲ အများအပြားပင်ဖြစ်သည်။ ဟိုငယ်စဉ်တုန်းကဆို ကျနော်တို့ သူငယ်ချင်းတွေ ကစားစဉ် အချင်းချင်း စကားနိုင်လုပြီး ရန်ဖြစ်တတ်ကြသည်။ ပြီးလျှင် ကျနော်တို့ စကားမပြောကြတော့ ဒါပေမဲ့ ဒါတွေသည် အချိန်အများကြီးမဟုတ် ကျနော်တို့ သူငယ်ချင်းတွေ စကားမပြောလျှင် အလွန်ဆုံး တပတ်ပေါ့ ပြီးလျှင် တူတူကစား ပျော်ပါးပြီး အငြိုးအတေး ကင်းကင်းနှင့် လက်တွဲတွေ မဖြုတ်ပဲ တွဲလက်တွေ ညီခဲ့ကြသည်သာ။ ထိုစဉ် ကလေးဘဝက ရန်ဖြစ်ရခြင်းအကြောင်းများက မိမိက သူများထက် သာချင်၍ ဖြစ်စေ၊ မိမိကို သူများက ပို၍ ဦးစားပေးခံချင်၍ ဖြစ်သည်က များသည်။ ဒါပေမဲ့ ကလေးဘဝက အရာရာသည် အဖြူထည် သက်သက်သာ။ ကျနော်တို့တွင် အငြိုးအတေး အာဃာတဆိုတာ မရှိခဲ့။ အရိုးခံ ဖြူစင်ခဲ့ကြသည်သာ ဖြစ်သည်။
အရွယ်ရောက်လာတော့ ကျနော်တို့ စိတ်တွေ ပြောင်းလဲတတ်ခဲ့သည်။ ပတ်ဝန်းကျင်ကို လိုက်၍ အမူအကျင့်တွေ ပြောင်းလဲတတ်ခဲ့သည်။ (ကျေးညီနောင် ပုံပြင်လိုပေါ့။) ကြီးပြင်းရာ ပတ်ဝန်းကျင်ကို လိုက်၍ ဖြူစင်ရိုးသားခဲ့သော စိတ်တို့သည် အရောင်မျိုးစုံ စွန်းထင်းခဲ့သည်။ ကျနော်တို့ စိတ်အလိုကို လိုက်ပြီး မှားယွင်းခဲ့ကြဖူးသည်။ အတွင်းစိတ် အေးချမ်းဖို့ထက် အပေါ်ယံ သာယာမှုတွေအပေါ်ကို ပိုမိုခုံမင်ခဲ့ကြသည်။ အပေါင်းအသင်းတွေ ပေါင်းစုံ ပေါင်းတတ်ခဲ့ကြသည်။ အပြုသဘောဆောင်ပြီး ကျနော်တို့ ခင်မင်ခဲ့ကြသည်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ လမ်းခွဲခဲ့ရသော် ကျနော်တို့ ငယ်စဉ်ကလေးဘဝကလို စိတ်တွေ ဖြစ်ပေါ်လာခဲ့ရပြန်သည်။ ဒါပေမဲ့ ကျနော်တို့ မဖြူစင်ခဲ့ကြတော့ ကျနော်တို့ ရင်ထဲမှာ မဖော်ပြနိုင်တဲ့ မီးတောက်ကလေးတွေ လောင်ကျွမ်းခဲ့ရလေပြီ။ သေချာပြန်စဉ်းစားကြည့်ရင် ဆုံးရှုံးခဲ့ရသော အဖြစ်အတွက် ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်ပါသလဲ။ ကျနော်တို့ ဆုံးရှုံးခြင်းသည် တခု မကခဲ့ပေ .. သူငယ်ချင်း ချစ်ခြင်းတရားများ ယုံကြည်မှုများ ပျော်ရွှင်မှုများ ကုန်လွန်ခဲ့သော အချိန်များ .. များစွာပင် ..
အသက်ရှင်နေသရွေ့ မလွဲမသွေ ဆုံတွေ့ခြင်း ကွဲကွာခြင်းပေါင်းများစွာ ဆုံတွေ့နည်း ကွဲကွာနည်းမျိုးပေါင်းစုံနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ရလိမ့်ဦးမည် .. ထိုအတွက် ကျနော်တို့ တုန်လှုပ်ကြမည်လား .. အေးအေးသက်သာ ကြည်ကြည်သာသာနှင့် အပြုံးများနဲ့ ပျော်ရွှင်စွာ လက်ပြနှုတ်ဆက်ကြမည်လား ..
လူသားအားလုံးသည် ပျော်ရွှင်စွာဖြင့်နဲ့ လမ်းခွဲခြင်းကို ပိုမိုမြတ်နိုးမည် မျှော်လင့်သည် .. အသင်ဆိုလျှင်ကော……….
………
……………………..
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့် ရှိသည်။
လေးစားလျက်
တောင်ပေါ်သား
June 17th, 2010 by တောင်ပေါ်သား Tags: စိတ်ခံစားချက်လေးများ
| Category in All | 6 Comments »
ခုတလော အလုပ်တွေကများပြီး ပိုစ့်တွေတောင် မရေးဖြစ်တာကြာပါပြီ။ ပြောတဲ့လူများလာလို့ ကိုယ့် site လေးကို ဖုန်ခါတယ် ပြောပြော စိတ်ကူးတဲ့ရာ လုပ်တယ်ပဲ ပြောပြော တင်ချင်တာ တင်လိုက်ပါတယ်။ ခုတလော အလုပ်ကလေးကလဲ သိပ်အဆင်မပြေချင်တော့ အလုပ်ကို အကြောင်းပြလို့ စာမရေးဖြစ်တာ ကြာပါပြီ။ တကယ်ကတော့ အပျင်းကြီးနေတာပါ။ အပျင်းက ဘယ်လောက်ကြီးသလဲဆို ခုရက်ပိုင်း ခွင့်ယူတဲ့ ရက်တွေများနေတာ ကိုယ်တိုင်ပဲ သိတယ်။ အရင်တုန်းက ယူလို့ မရခဲ့တဲ့ ရက်တွေ တဝကြီး အစားထိုးယူနေတာပါ။ တနေ့တနေ့ ယူထားတဲ့ ရက်တွေ ဘာလုပ်မိသလဲ အားနေရင် Movies တွေကြည့်သည်။ Game ကစားသည်။ Facebook ဆိုတာဝင်သည်။ ကျောင်းကလဲ ၂ ပတ် ပိတ်ထားပေးပါသည်။ ဒီတော့ ကျောင်းသား လုပ်နေပေမဲ့ ကျောင်းစာ လေ့လာဖြစ်သလားဆိုတော့လဲ မလေ့လာဖြစ်ပါ။ ကျနော် အပျင်း ကြီးနေသည်။
တခါတလေတော့လဲ စဉ်းစားမိတယ်။ လူ့လောကကြီးမှာ အရာရာ ပြည့်စုံနေရင်လဲ မကောင်းဘူး၊ အရာရာ ချို့ယွင်းနေရင်းလဲ မကောင်းဘူးလို့။ ချို့တဲ့ခြင်းကို အဓိက ပြောချင်တာက လူတယောက်ရဲ့ အပြင်ပန်းထက် အတွင်းစိတ်တွေကိုပါ။ အရာရာကို ငါ တလုံးပဲ ကိုင်စွဲတော့လဲ မှန်နေတာတွေတောင် မှားနေတယ်လို့ အမြင်တွေက ရောက်သွားတတ်တာကိုး။ ချစ်ရသူက ပြောတယ် ဘုရားသခင်က ဘာလို့ ကောင်းတာတွေပဲ မပေးတာတုန်းတဲ့။ တကယ်လို့ ဆုတောင်းတိုင်းတာ ကျနော်တို့ကို ဘုရားသခင်က ပြည့်စုံအောင် ပေးနေမယ်ဆိုရင် ကျနော်တို့လို လူမိုက်တွေ ဘုရားသခင်ကိုမေ့လျှော့လို့ နေတော့မှာပေါ့။ လုံ့လ ၊ ဝီရိယ မပါပဲ ဘယ်အရာမှ မအောင်မြင်တတ်ပါဘူး။ ဘယ်အရာမဆို ပြုသူ၊ အပြုခံသူ၊ အကျိုးနဲ့အကြောင်း ရှိစမြဲပါပဲ။ ခုလို အချိန်မျိုးမှာ ကိုယ့်ဟာကိုယ် တွေးနေမိတယ်။ ဟိုအရင် ဒီရောက်တုန်းကလို စိတ်တွေလဲ တဖြည်းဖြည်းလုံးပါး ပါးလာခဲ့ပါလားလို့ပေါ့။ အရင်လို ကြိုးစားချင်စိတ်တွေ ပျောက်နေတယ်။ မနက်စောစော ထရမှာ အပျင်းကြီးနေတယ်။ တိုးတက်နေတဲ့ တိုင်းပြည်ကြီးမှာ အမီလိုက်နိုင်အောင် ကြိုးစားချင်ရင်တော့ လူတိုင်းနဲ့ တန်းတူ လိုက်လုပ်ရမှာပါပဲ။ ဒါပေမဲ့ ကျနော် အပျင်းကြီးနေတယ်။
လက်ရှိ ကမ္ဘာဖလား ဘောလုံးပွဲတွေကလဲ လာနေတော့ ည ညဆို မအိပ်ဖြစ်ဘူး။ အခုတောင် မနက်ဖြန် ခွင့်ယူထားတယ်။ ညဥ့်နက် လာမဲ့ ဘောလုံးပွဲကြည့်ဖို့ စောင့်ရင်း ပျင်းနေတာနဲ့ စိတ်ကူးထဲ ရှိတာတွေ ကျနော် ရေးနေမိတာပါ။ အဲ့လို အပျင်းကြီးနေတာပါ။ တခါတလေတော့လဲ စိတ်ကူးတိုင်း ဖြစ်တာမှ မဟုတ်တာ။ ဟုတ်တယ်မလား ဒီတော့ ဖြစ်တဲ့ အတိုင်းလေး မျောလိုက်သွားနေမိတာ ခုတော့ အပျင်းရောဂါပါ စွဲကပ်နေပါပြီ။ ဘယ်အရာမဆို လိုချင်ရင်တော့ အချိန် ဒါမှမဟုတ် တခုခုကို မဖြစ်မနေ စတေးခံရမှာပဲလေ။ ဘဝမှာ စိတ်ဓါတ်တွေ ကျခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရာရာဟာ ကိုယ်လုပ်ရင် ဖြစ်လာမှာပဲ မဟုတ်လား ဒီတော့ ခုမဖြစ်ရင်တောင် တချိန်တော့ ဖြစ်လာမှာပဲ ဆိုတဲ့ စိတ်နဲ့ ကြိုးစားကြည့်လိုက်ရင် မဖြစ်ဘူးဆိုတာ မရှိပါဘူး။ မြန်မာစကားလေး ရှိတယ်မလား ကြိုးစားရင်း ဘုရားတောင် ဖြစ်နိုင်သေးတာပဲ။ စိတ်ကလေး နဲနဲထည့်ပြီး ကျနော်လုပ်ကြည့်ရင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော် အပျင်းကြီးနေတယ်။
လူ့လောကမှာ တယောက်ထဲ ရုန်းကန်ဖို့ဆိုတာ အတော်ကို လွယ်ကူပါတယ်။ နေစရာ ၊ စားစရာလေးနဲနဲ ရှိရင် နေတတ်မယ်ဆိုရင် တယောက်ထဲ နေလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ နောက်မှာ မမြင်ရတဲ့ အရာပေါင်းများစွာ လွှမ်းခြုံထားတတ်ကြပါတယ်။ အချို့က မိသားစုဘဝ၊ တချို့က အိမ်ထောင်သည် ဘဝ။ သားသမီး ရတနာတွေကို ကျနော်တို့ ဘယ်လို ပြုစုပျိုးထောင်မှာလဲ။ ကျနော် ဒီမလာခင်တုန်းက ဦးလေးက စကားလေး တခွန်းမှာလိုက်ပါတယ်။
ဘဝတခုကို တည်ဆောက်တော့မယ် ဒါမှမဟုတ် ကိုယ့်ဘဝကို ကိုယ်တိုင် ကြိုးစား ဖြတ်သန်းတော့မယ်ဆိုရင် ကိုယ့်ဘဝ တခုထဲကို မကြည့်နဲ့တဲ့၊ ကိုယ့်ရဲ့ နောက်မှာ ရပ်တည်နေတဲ့၊ ဖြစ်တည်လာမဲ့ အသက်ပေါင်းများစွာ ရှိနေတယ်တဲ့။
သူတို့အတွက်ဆိုပြီး ကျနော်တို့ ရည်မှန်းကြိုးစားရင် အောင်မြင်မှုဆိုတာ မကြာပါဘူး ရရှိလာမှာပါပဲ။ ခုတလော ဦးလေး စကားလေးတွေ ပြန်ကြားယောင်နေမိတယ်။ ဟုတ်တယ် ကျနော် တယောက်ထဲ ကိုယ့်ဘဝတခုထဲ ကိုယ်ကြည့်နေမယ်ဆို လိုအပ်တာတွေထက် ပိုနေတာကများနေပြီ။ ဒါပေမဲ့ နောင် ဖြစ်လာမဲ့ မျိုးဆက်၊ သားသမီးတွေအတွက် ပြန်တွေးကြည့်လိုက်တော့ ကျနော် လုပ်နိုင်ခဲ့တာ ဘာရှိလို့တုန်း။ ကျနော် ကြိုးစားဖို့ လိုနေပါသေးတယ်။ ကျနော် အစွမ်းအစတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ကျနော် ပျင်းနေသည်။ တခုခု လုပ်တော့မယ်ဆို မဖြစ်နိုင်ဘူးဆိုပြီး ကျနော် တွေးတတ်နေပြီ။ တကယ့်ကို ကျနော် အသုံးမကျတဲ့ လူတယောက်လို ဖြစ်နေတော့သည်။ ကျနော် ပျင်းနေပါသည်။
ဘာပဲ ပြောပြော ကျနော် အပျင်းကြီးနေတာတွေကို ကျနော် ကိုယ့်ဘာသာကိုယ် နှစ်သိမ့်နေမိတာပါ။ ဒါမှလဲ ကျနော် ပျင်းနေတာ လူတွေသိလို့ ကျနော် ရှက်တတ်လာမှာပေါ့။ ကျနော်လိုပဲ စာဖတ်သူတွေလဲ အပျင်းကြီးနေမယ်ဆို ခု ပြင်လိုက်ကြရင် မကောင်းဘူးလားဗျာ….. တကယ်တော့ အပျင်းကြီးတယ်ဆိုတာ ရှက်စရာ အလွန်ကောင်းဆိုပဲဗျ အပျင်းကြီးသူများ အဖွဲ့ကတော့ အပျင်းကြီးတယ်ဆိုတာ နာမည်သာ ဆိုးတာတဲ့ လူသက်သာတယ်
ဆိုပဲ။ ခုတော့ ကျနော် လူမသက်သာတဲ့ အပြင် အိပ်နေလိုက်တာ နေ့၊ညတွေ လွဲလို့ အလုပ်လဲ မသွားနိုင်ပါဘူးဗျာ၊ လူက မနက်စောစော မထတော့ ခေါင်းတွေလဲ ကိုက်၊ အုံမှိုင်းပြီး အပျင်းတွေကတက်လိုက်နဲ့ တကယ့်ကိုပါပဲ ကျနော် တကယ် အပျင်းကြီးနေပါသည်။
လူသားတိုင်း လွတ်လပ်စွာ ငြင်းဆိုခွင့်၊ ပြောဆိုခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
Recent Comments